အကူညီပေးဖို့ သွားရောက်ခဲ့တဲ့ ကားသမားအား လူတစ်စုမှဝိုင်းရိုက်မှုဖြစ်ပွား

ချင်းပြည်နယ်၊ ဟားခါးမြို့၊ ဟားခါးထာရ်ရပ်ကွက်မှာ အိမ်မီးလောင်သည်ဟု ထင်မှတ်ကာ အကူညီပေးဖို့ သွားရောက်ခဲ့တဲ့ ကားသမားတစ်ဦးကို အဆိုပါအိမ်ထဲရှိလူတစ်စုမှ ၀ိုင်းရိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မက် ၅ ရက်နေ့ ည ၉း၃၀ အချိန်ခန့်က ဟားခါးနေ ဦးထန်းပီးနှင့် ၎င်းရဲ့ကားမောင်း ဦး xxxx တို့သည် သီဖူလ်းရွာမှအပြန် ဟားခါးထာရ်ရပ်ကွက်တွင် အိမ်မီးလောင်သည်ဟု ယူဆကာ ကားပေါ်မှဆင်းကြပြီး အကူညီပေးဖို့ သွားရောက်ခဲ့ရာမှာ အဆိုပါအိမ်ထဲရှိ လူတစ်စုမှ ၀ိုင်းရိုက်ခံရခြင်းဖြစ်သည်။

“ဟားခါးထာရ်ရပ်ကွက်အစွန်က အိမ်တစ်လုံးမီးလောင်နေသည်ဟု ကျနော်တို့ထင်မှတ်ပြီး ကူညီဖို့ကျနော်တို့သွားတော့ အိမ်ထဲမှာ လူတစ်စုရှိနေတာကိုတွေ့ရတယ်။ အိမ်ပေါ်ထိတက်ပြီးငါတို့ကိုရန်လာစတယ်လို့  အဲဒီလူတစ်စုက ကျနော်တို့ကို တမင်တကာမှားယွန်းစွာစွပ်စွဲပြီး တုတ်တွေကိုင်ပြီးတော့ ကျနော်တို့ကို ၀ိုင်းကြတယ်” လို့ ဦးထန်ပီးကပြောပါတယ်။

“အခြေနေမဟန်တော့ ကျနော်ကားပေါ်ပြန်တက်ပါတယ်။ ကျနော့်ကားသမား ကားပေါ်တက်မလာတာသိတော့ ကျနော်ပြန်ဆင်းခဲ့တယ်။ အဲဒီအချိန်မှာ အဆိုပါလူတစ်စုက ကျနော့်ကားသမားကို တုတ်တွေနှင့် ၀ိုင်းရိုက်တာတွေ့ရတယ်” ဟု ဦးထန်ပီးက ဆက်ပြောသည်။

အရိုက်ခံရသူ ကားသမားကို ဟားခါးပြည်သူ့ဆေးရုံသို့ခေါ်ဆောင်ပြီး ကုသမှုခံယူပါတယ်။ ဦးခေါ်င်းကွဲဒဏ်ရာရရှိပြီး အခြေနေမစိုးရိမ်ရပါ။

မက်လ ၆ ရက်နေ့မှာ ဟားခါးမြို့မ ရဲစခန်းက စုံစမ်းစစ်ဆေးတာတွေလုပ်ခဲ့ပါတယ်။ တရားစွဲဆိုတာမျိုးတော့ ကျနော်တို့ မလုပ်ဘူးလို့  ဦးထန်ပီးက ပြောပါတယ်။

ကားသမားကို တုတ်များနှင့် ၀ိုင်းရိုက်ခဲ့သော လူတစ်စုမှာ ပခုက္ကူမြို့နယ်မှ ချင်းပြည်နယ်သို့ လာရောက်နေထိုင်ကြသည့် လမ်းဆောက်လုပ်ရေး အလုပ်သမားများဖြစ်ကြတယ်လို့ သိရပါတယ်။